The Samurai’s Secret

ဂျပန်ပြည်ရဲ့ စိမ်းစိုနေတဲ့ တောအုပ်တွေနဲ့ မိုးထိမြင့်မားတဲ့ တောင်တန်းတွေကြား လူသူကင်းမဲ့တဲ့ နေရာလေးတစ်ခုမှာ

Share

The Story

အခန်း(၁) ကျိုတိုလေညှင်းထဲမှ တီးတိုးသံများ

ဂျပန်ပြည်ရဲ့ စိမ်းစိုနေတဲ့ တောအုပ်တွေနဲ့ မိုးထိမြင့်မားတဲ့ တောင်တန်းတွေကြား လူသူကင်းမဲ့တဲ့ နေရာလေးတစ်ခုမှာ ဟိဂုရာရှိလို့ခေါ်တဲ့ ရွာလေးတစ်ရွာ ရှိသတဲ့။ အဲဒီရွာလေးကို ရှေးဟောင်းသစ်သားအိမ်လေးတွေ စီစီရီရီနဲ့ တည်ဆောက်ထားကြပြီး စမ်းချောင်းလေးတွေကလည်း ကွေ့ပတ်စီးဆင်းနေပါတယ်။ ဝါးရုံတောကြီးတွေ၊ ချယ်ရီပန်းတွေနဲ့ ဂျပန်ရဲ့ သမိုင်းအငွေ့အသက်တွေ ရှင်သန်နေတဲ့ နေရာလေးတစ်ခုလို့ ဆိုရမှာပေါ့ကွယ်။

ဒီဆိတ်ငြိမ်တဲ့ ရွာလေးမှာ ဟိရိုရှိနဲ့ အိုက်အိခိုလို့ခေါ်တဲ့ မောင်နှစ်မနှစ်ယောက် နေထိုင်ကြသတဲ့။ တစ်နေ့တာကို မိုးလင်းကနေ မိုးချုပ် ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းကြပြီး အဖိုးအဖွားတွေဆီက ရှေးပုံပြင်တွေကို လက်ဆင့်ကမ်းနားထောင်ရင်း နေထိုင်ကြီးပြင်းလာကြတာပေါ့ကွယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်နှလုံးသားထဲမှာတော့ အခါအခွင့်သင့်လို့ စွန့်စားခန်းပေါ်လာခဲ့ရင် ရဲရဲဝင့်ဝင့် စွန့်စားခန့်ထွက်ပစ်မယ်ဆိုတဲ့ စွန့်စားလိုစိတ် မီးပွားလေးဟာ အစဉ်ကိန်းအောင်းနေတာပေါ့။

နေမင်းရဲ့ ရောင်နီအလင်းတန်း ဖြာထွက်နေတဲ့ အေးစိမ့်စိမ့် မနက်ခင်းတစ်ခုမှာ ဟိရိုရှိဟာ အိမ်ရဲ့ထပ်ခိုးပေါ်မှာ သူတို့ရဲ့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အိုဟောင်းပြီး အရောင်လွင့်နေတဲ့ စာလိပ်တစ်လိပ်ကို တွေ့လိုက်ရပါတယ်။ စာလိပ်ကို အရောင်ပြယ်လုနီးနီး ပိုးသားစနဲ့ ပတ်ထားပြီး ဆာမူရိုင်းမျိုးနွယ်စုတစ်စုရဲ့ တံဆိပ်နဲ့ ချိတ်ပိတ်တယ်ကွယ့်။ စာလိပ်ထဲမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ လျှို့ဝှက်ချက်တွေအများကြီး ရှိလို့နေပါတယ်။

“အိုက်အိခို ညီမလေး… ဒီမှာလာကြည့်ပါဦး” လို့ ဟိရိုရှိက ဝမ်းသာအားရ အော်ခေါ်လိုက်ပါတယ်။ “ဒါက ရှေးဟောင်း စာလိပ်တစ်လိပ်ပဲညီမလေးရဲ့ အစ်ကို့အထင်ပြောရရင် ဒါမြေပုံတစ်ခု ဖြစ်နိုင်တယ်။” လို့ ပြောလိုက်ပါတယ်။

အိုက်အိခိုဟာ သိလိုစိတ်တွေ ပြင်းပြပြီး အရောင်တောက်နေတဲ့ မျက်ဝန်းတွေနဲ့ စာလိပ်ကို စူးစမ်းနေရင်း သူ့အစ်ကိုကို ကြည့်လိုက်ပြီး “မြေပုံဟုတ်လား…. ဘယ်ကိုသွားမဲ့ မြေပုံလဲ အစ်ကို”လို့ မေးလိုက်ပါတယ်။

ဟိရိုရှိက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရတဲ့ မျက်နှာထားနဲ့ “ဒါ ရတနာသိုက်တစ်ခုဆီကို ညွှန်ထားတဲ့မြေပုံပဲ ညီမလေးရဲ့။ အရင်တုန်းက ဒီရွာမှာနေခဲ့တဲ့ ဆာမူရိုင်းကြီးရဲ့ လျှို့ဝှက်ချက်တွေ ရှိတဲ့နေရာပေါ့”လို့ ပြန်ပြောလိုက်ပါတယ်။

မျှော်လင့်ချက်တွေအပြည့်နဲ့ စာလိပ်ကို ဆုပ်ကိုင်ရင်း မောင်နှစ်မ နှစ်ဦးသား အတိတ်က ဂျပန်ပြည်ရဲ့ ပုံပြင်ဇာတ်ကြောင်းတွေကို နောက်ကြောင်းခံ ရှာဖွေဖို့ စွန့်စားခန်းဖွင့်ပြီး ခရီးထွက်လာခဲ့ပါတော့တယ်။

 

အခန်း (၂) ဆာမူရိုင်းလမ်းစဉ်

မြေပုံပါ ရှုပ်ထွေးတဲ့ အမှတ်အသားတွေအတိုင်း ဟိရိုရှိနဲ့ အိုက်အိခိုတို့ ခရီးဆက်လာရင်း တောနက်ထဲရောက်လာချိန်မှာတော့ နေမြင့်နေပါပြီ။ သူတို့မောင်နှမနှစ်ယောက်သား မြေပုံထဲက လမ်းညွှန်အတိုင်း သက်တမ်းရင့်လှပြီဖြစ်တဲ့ ဝါးရုံတောကြီးထဲက လမ်းကြောင်းလေးအတိုင်း လျှောက်လိုက်လာပါတယ်။ လမ်းတစ်လျှောက်မှာကြားရတဲ့ သစ်ရွက်တွေကို လေတိုးသံတွေဟာ သူတို့ကိုမောင်နှစ်မနှစ်ယောက်နားကို ဆာမူရိုင်းတွေရဲ့ ရဲစွမ်းသတ္တိရှိပုံ၊ ဂုဏ်သိက္ခာကို အလေးထားပုံတွေကို တီးတိုးလာပြောနေကြတဲ့အလား ထင်မှတ်စရာပါပဲ။

လမ်းလျှောက်လာရင်း “ဒါဆို ဆာမူရိုင်းတွေက စစ်ပဲတိုက်တတ်တဲ့သူတွေ သက်သက်မဟုတ်ဘဲ ဘူရှီဒိုလို့ခေါ်တဲ့ သူရဲကောင်းလမ်းစဉ်အတိုင်း ဂုဏ်သိက္ခာကို အလေးအမြတ်ထား လိုက်နာနေထိုင်ကြတဲ့သူတွေပေါ့နော်။ အဲဒီလမ်းစဉ်က သူတို့လုပ်ရပ်တွေကို ထိန်းကျောင်းပေးပြီး သူတို့ဘဝနေပုံထိုင်ပုံကို အဆုံးအဖြတ်ပေးတာပေါ့”လို့ အိုက်အိခိုက အံသြမှုအပြည့်နဲ့ တီးတိုးပြောလိုက်တယ်။

ဟိရိုရှိက ဘေးပတ်ဝန်းကျင်ကို မျက်စိရှင်ရှင်ထားပြီး ကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်ရင်း “ဘူရှီဒိုဆိုတာက ‘စစ်သည်တော်တွေရဲ့ လမ်းစဉ်’လို့ အဓိပ္ပာယ်ရတယ် ညီမလေးရဲ့။ ဒီလမ်းစဉ်မှာ သစ္စာတရား၊ တည်ကြည်ရဲရင့်မှု၊ လေးစားရိုသေမှု စတဲ့ ကိုယ်ကျင့်သိက္ခာတွေကို စောင့်ထိန်းဖို့ ဆာမူရိုင်းတွေကို လမ်းညွှန်ထားတယ်လေ။ ဘယ်လိုအရာတွေနဲ့ပဲ ကြုံလာပါစေ ဆာမူရိုင်းတွေက ဒီစံနှုန်းတွေကို ဦးထိပ်ပန်ဆင်ပြီး စောင့်ထိန်းရတယ် ညီမလေးရဲ့။”လို့ ရှင်းပြလိုက်ပါတယ်။

ဒီလိုနဲ့ ခရီးတစ်ကွေ့မှာ ရုတ်တရက် နတ်ကွန်းဟောင်းကြီးတစ်ခုကို တွေ့လိုက် ရပါတယ်။ နတ်ကွန်းကြီးရဲ့ သစ်သားတိုင်တွေဟ, အချိန်ရဲ့ တိုက်စားမှုကြောင့် ဆွေးမြေ့နေပါပြီ။ နတ်ကွန်းတစ်ဝိုက်မှတွေ့ရတဲ့ အပျက်အစီးအငွေ့အသက်တွေကတွေမှာ သမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ ထင်ဟပ်ပြနေသလား ထင်မှားစရာပါပဲ။ နတ်ကွန်းအိုကြီးကလည်း အတိတ်ရဲ့အရိပ်ကို ဖော်ပြနေတဲ့အလား မားမားမတ်မတ် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ဟိရိုရှိက လေသံတိုးတိုးနဲ့ “ကြည့်ရတာ ဒီနတ်ကွန်းက… သဲလွန်စ ဖြစ်မယ်ထင်တယ်။ ဒီထဲမှာ တစ်ခုခုဝှက်ထားတယ်လို့ မြေပုံမှာ ပြနေတယ် ညီမလေး” လို ပြောလိုက်ပါတယ်။

သူတို့မောင်နှမနှစ်ယောက် ဂရုတစိုက်နဲ့ နတ်ကွန်းထဲကို မွှေနှောက်ရှာဖွေခဲ့ကြပါတယ်။ နဂါးရုပ်တုရဲ့ ထွင်းရာတွေ၊ ချယ်ရီပန်းပွင့်ရုပ်တွေရဲ့ အဆက်ရာတွေကို လက်နဲ့အသာအယာလိုက်စမ်းရင်း အိုက်အိခိုရဲ့လက်က ပြုတ်ကျလုနီးနီး ကျောက်တုံးတစ်တုံးကို ထိမိသွားပါတယ်။ အဲဒီအခါ “ကလစ်”ဆိုပြီး ခလုတ်ပွင့်သံ မြည်သွားပြီး လျှို့ဝှက်အံတစ်ခု ထွက်လာပါတယ်။

အဲဒီလျှို့ဝှက်အံထဲမှာ သူတို့ယူလာတဲ့ စာလိပ်ပေါ်က ဆာမူရိုင်းတံဆိပ်နဲ့ တစ်ပုံစံတည်းတူတဲ့ တံဆိပ်ရိုက်ခတ်ထားတဲ့ ယွန်းသေတ္တာရှည်တစ်ခု ရှိနေပါတယ်။ ဟိရိုရှိက ဂရုတစိုက်နဲ့ ယွန်းသေတ္တာရှည်ကို ဖွင့်လိုက်တဲ့အခါ လှပတဲ့ ဓားတစ်လက် ရှိနေပြီး ဓားသွားဟာ အမှောင်ထုထဲမှာတောင် တလက်လက် တောက်ပနေပါတယ်။

“ဒီဓားက” ဟိရိုရှိက လေသံတိုးတိုးနဲ့ ရေရွတ်ရင်း “ဆာမူရိုင်းကြီးပိုင်တဲ့ ဓားဖြစ် ရမယ်၊ ဒါပေမဲ့ ဒါကို ဘာလို့ ဒီမှာ ဖွက်ထားတာလဲ” ဆက်မေးခွန်းထုတ်လိုက်မိပါတယ်။

 

အခန်း (၃) ဓားကိုစောင့်ရှောက်သူအဖိုးအို ပြောပြသော ပုံပြင်

ဒီလိုနဲ့ နေစောင်းချိန်ရောက်လာချိန်မှာတော့ တောနက်ထဲကနေ အဖိုးအိုတစ်ဦး ထွက်လာပါတယ်။ သူ့လမ်းလျှောက်လာပုံစံက အေးအေးဆေးဆေးရှိလှပေမဲ့ သြဇာအာဏာအပြည့်ရှိလှပါတယ်။ သူ့မျက်လုံးတွေဟာလည်း နှစ်ပေါင်းများစွာက အသိဉာဏ်ပညာတွေ ကိန်းအောင်းနေတဲ့အလား တွေ့ရပါတယ်။

“ကြည့်ရတာ သားနဲ့သမီးက ဓားကို ရှာတွေ့သွားကြပြီပဲ” သူ့လေသံက ညင်သာနူးညံ့ပေမဲ့ တည်ကြည်ပြတ်သားလှပါတယ်။ “ဘဘနာမည်က တခဲဒလို့ခေါ်ပြီး ဒီနတ်ကွန်းရဲ့ လျှို့ဝှက်ချက် တွေကို စောင့်ရှောက်ရတဲ့သူပဲကွယ့်”လို့ ပြောလိုက်ပါတယ်။

ဟိရိုရှိနဲ့ အိုက်အိခိုတို့က တလေးတစားနဲ့ ကိုယ်ကိုကိုင်းညွှတ် နှုတ်ဆက်ရင်း “သမီးတို့က ဆာမူရိုင်းကြီးရဲ့ သမိုင်းအမွေအနှစ်တွေကို သိချင်လို့ လာရှာကြတာပါဖိုးဖိုး”လို့ အိုက်အိခိုက ပြောလိုက်တယ်။ “ဒီရတနာကို လက်ဆင့်ကမ်း ချန်ထားခဲ့တဲ့ အကြောင်းရင်းကိုလည်း သိချင်ပါတယ်ဖိုးဖိုး”လို့ ဆက်ပြောလိုက်ပါတယ်။

ဒီစကားကို ကြားချိန်မှာတော့ တခဲဒမျက်နှာဟာ ပြုံးရောင်သမ်းသွားပြီး သူ့ရဲ့ စူးစူးရဲရဲနဲ့ အကြည့်တွေက ပျော့ပျောင်းတယ်လို့ ထင်ရပါတယ်… “လူလေးတို့ ကိုင်ထားတဲ့ ဓားက ဘူရှီဒိုလမ်းစဉ်ကို ကျင့်ကြံသွားတဲ့ ကြီးမြတ်တဲ့ ဆာမူရိုင်းကြီးတစ်ဦးပိုင်တဲ့ ဓားပဲကွယ့်။ သူက ဒီဓားကို တန်ဖိုးရှိလွန်းလို့ ဒီနေရာမှာ ဝှက်ထားခဲ့တာ မဟုတ်ဘူးကွယ့်။ သူ့ဓားကို တွေ့သွားသူတွေအဖို့ ဓားကနေ သင်ခန်းစာတွေ သင်ယူသွားစေလိုတဲ့ ဆန္ဒနဲ့ ဝှက်ထားခဲ့တာကွယ့်” လို့ ရှင်းပြလိုက်ပါတယ်။

အဖိုးအိုက မောင်နှမနှစ်ယောက်ကို ထိုင်ဖို့ လက်ဟန်နဲ့ အချက်ပြရင်း ရှေး ဟောင်းသစ်ပင်အိုကြီးရဲ့ အရိပ်အောက်မှာ တခဲဒက ဇာတ်လမ်းကို အစချီ ပြောပြပါတော့တယ်။ “ဟိုးအရင်တုန်းက စစ်မက်တွေဖြစ်ပြီး တိုင်းပြည် မတည်မငြိမ်ဖြစ်နေတဲ့အချိန်တုန်းက တခဲရှိလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်ကွယ့်။ သူဟာ အရှင်တစ်ဦးတည်းကိုပဲ သစ္စာစောင့်သိပြီး အလုပ်အကျွေးပြုခဲ့သူပေါ့ကွယ်။ တခဲရှိက သူ့ရဲ့တိုက်ရည်ခိုက်ရည်ကြောင့် ကျော်ကြားပေမဲ့ ဂုဏ်သိက္ခာရှိပြီး ရိုးသားဖြောင့်မတ်တဲ့ ဆာမူရိုင်းတစ်ယောက်အနေနဲ့ နာမည်ပိုကြီးခဲ့သူပေါ့ကွယ်။”လို့ အစချီလိုက်ပါတယ်။

“ဒီလိုနဲ့ တစ်နေ့မှာ သူ့အရှင်ကို လူတစ်စုက လုပ်ကြံဖို့ ကြိုးစားနေကြတာကို တခဲရှိက သိရှိသွားတယ်။ တခဲရှိဟာ သူ့အတွက် အသက်အန္တရာယ် ရှိနိုင်တာကို သိလျက်သားနဲ့ သစ္စာဖောက်တွေကို ရင်ဆိုင်ချေမှုန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ရဲရင့်မှုနဲ့ ဘူရှိဒိုစည်းမျဉ်းကို စောင့်ထိန်းမှုကြောင့် သူ့အရှင်နဲ့ မျိုးနွယ်စုတစ်စုလုံးပါ အသက်ဘေးက လွတ်မြောက်ခဲ့တယ်ကွယ့်”လို့ ဇာတ်လမ်းကို ဆက်ပြောလိုက်သည်။

ဟိရိုရှိက လေးစားအားကျနေတဲ့ မျက်လုံးတွေနဲ့ ငြိမ်ငြိမ်လေးနားထောင်နေရင်း “ဒါဆို ဒီဓားက….” မေးလိုက်ပါတယ်။

တခဲဒက ခေါင်းငြိမ့်ပြလိုက်ရင်း “တခဲရှိရဲ့ ဓားဟာ သူ့ရဲ့ သစ္စာစောင့်သိမှုနဲ့ ရဲစွမ်းသတ္တိကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုပေါ့ကွယ်။ စစ်မှန်တဲ့ ဂုဏ်သိက္ခာဆိုတာ ဂုဏ်သတင်းကျော်ကြားတာ၊ စည်းစိမ်ချမ်းသာတာကို ပြောတာမဟုတ်ဘဲ ရိုးသားဖြောင့်မတ်ပြီး လေးစားမှုနဲ့ ရိုးဖြောင့်စွာ နေထိုင်ခြင်းမှာသာ တည်ရှိတယ်ဆိုတာကို အမှတ်ရနေစေဖို့ သူက ဒီနေရာမှာ ဓားကို ဝှက်ထားခဲ့တာကွယ့်”လို့ ရှင်းပြလိုက်ပါတယ်။

 

အခန်း (၄) မီးထွန်းပွဲတော်

ဒီလိုနဲ့ တခဲဒ ပြောတဲ့ ပုံပြင်ကို နားထောင်ရင်း ညအချိန်ကို ရောက်လို့လာခဲ့ပါတယ်။ ညအချိန်ရောက်တာနဲ့ တောအုပ်ကြီးဟာ မီးအိမ်တွေရဲ့ အလင်းရောင်တွေနဲ့ ထိန်ထိန်လင်းလာပါတယ်။ ရွာထဲမှာတော့ ရွာသားတွေက သူတို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ဆာမူရိုင်းတွေရဲ့ အမွေအနှစ်ကို ဂုဏ်ပြုဆင်နွှဲတဲ့အနေနဲ့ မီးထွန်းပွဲတော်ကျင်းပဖို့ ပြင်ဆင်နေကြတာပေါ့။ လေထုထဲမှာ အမွှေးတိုင်ရနံ့တွေ၊ ရိုးရာတေးဂီတသံတွေနဲ့ ထုံလွှမ်းနေပါတော့တယ်။

အခုဆို ဟိရိုရှိနဲ့ အိုက်အိခိုက လှပတဲ့ ကီမိုနိုဝတ်စုံတွေဝတ်ပြီး အတိတ်က သမိုင်းကို ဂုဏ်ပြုတဲ့ ပွဲတော်မှာ ရွာသားတွေနဲ့အတူ ပါဝင်ဆင်နွှဲနေကြပါပြီ။ ဓားကြီးကိုတော့ ပွဲတော်ရဲ့ အလည်တည့်တည့်နေရာမှာ အထွတ်အမြတ်အနေနဲ့ ပြသထားပါတယ်။

တခဲဒက သူတို့ဘေးမှာရပ်ရင်း “ဒီညက တခဲရှိနဲ့ ဘူရှိဒိုလမ်းစဉ်ကို ကျင့်သုံးခဲ့တဲ့ ဆာမူရိုင်းတွေရဲ့ ဝိဉာဉ်တွေကို ဂုဏ်ပြုတဲ့ညပဲကွယ့်။ သူတို့အမွေချန်ထားခဲ့တဲ့ လမ်းစဉ်တွေကပဲ ဘဘတို့ကို ဒီနေ့အထိ ထိန်းကျောင်းပေးနေပြီး ဘဘတို့တန်ဖိုးထားရမဲ့ စံနှုန်းတွေကို အမြဲတမ်း သတိပေးနေတဲ့ အရာတွေပေါ့ကွယ်။” ဂုဏ်ယူမှုအပြည့်နဲ့ ပြောလိုက်ပါတယ်။

ဟိရိုရှိက မီးပုံးပျံတွေကို ညကောင်းကင်ပေါ်ကို လွှတ်တင်လိုက်ရင်း “အစ်ကိုတို့ ဒီခရီးစဉ်မှာ အများကြီး လေ့လာခဲ့ရတယ်နော်။ ဆာမူရိုင်းတစ်ယောက်ရဲ့ ကျင့်ဝတ်ဆိုတာ အစ်ကိုတို့သိထားတာထက် အဓိပ္ပာယ်ပိုလေးနက်တယ်။ အစ်ကိုတို့အားလုံးလည်း ဆာမူရိုင်းတွေရဲ့ သူရဲကောင်းလမ်းစဉ်အတိုင်း လိုက်နာနေထိုင်သင့်တယ်နော်။”လို့ အိုက်အိခိုကို ပြောလိုက်ပါတယ်။

အိုက်အိခိုက နာခံမှုအပြည့်နဲ့ ခေါင်းငြိမ့်ပြလိုက်ပါတယ်။ သူ့ခေါင်းထဲမှာတော့ ကြားခဲ့ရတဲ့ ပုံပြင်ဇာတ်ကြောင်းတွေ၊ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို ပြန်ကြားယောင်နေပါတယ်။ “အချိန်တွေ ဘယ်လောက်ပဲပြောင်းပြောင်း ဆာမူရိုင်းတွေ လက်ဆင့်ကမ်းချန်ရစ်ခဲ့တဲ့ သိက္ခာတရား၊ ရဲစွမ်းသတ္တိနဲ့ ရိုသေလေးစားမှု အမွေအနှစ်တွေက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူးပေါ့နော်”လို့ ရေရွတ်လိုက်ပါတယ်။

နိဂုံး

ဂုဏ်သိက္ခာ အမွေအနှစ်

မိုးသောက်တာနဲ့ မီးထွန်းပွဲတော်ဆင်နွှဲတာလည်း ပြီးဆုံးလုနီးပါပြီ။ မိုရဲနို မိသားစုလည်း အိမ်ပြန်ဖို့ ပြင်ဆင်နေကြပြီ။ သူတို့တွေ့ကြုံခဲ့ရတဲ့ အံ့သြ ဖွယ်ရာတွေ၊ ရရှိခဲ့တဲ့ အသိဉာဏ်တွေကို လက်ဝယ်ပိုက်ရင်းနဲ့ပေါ့။ တခဲဒက နှုတ်ဆက်စကားဆိုရင်း ကိုယ်ကိုညွှတ်ပြီး နှုတ်ဆက်လိုက်ပါတယ်။

“သားနဲ့သမီးတို့ မြဲမြဲမှတ်ထားကြ၊ ဆာမူရိုင်းတွေရဲ့စိတ်ဓာတ်က သမိုင်းထဲမှာတင် ရှိတာမဟုတ်ဘူးကွယ့်…. ဘဝတစ်လျှောက်လုံး သူရဲကောင်းလမ်းစဉ်ကို ကျင့်ကြံသွားသူတိုင်း၊ ဘူရှီဒိုကျင့်ထုံးတွေကို လိုက်နာသူတိုင်းရဲ့ နှလုံးသားထဲမှာ အမြဲကိန်းအောင်းနေတယ်ဆိုတာပဲ”လို့ သတိပေးစကား ဆိုလိုက်ပါတယ်။

ဟိဂုရာရှိ ရွာလေးကို ပြန်လာကြတဲ့ ဟိရိုရှိနဲ့ အိုက်အိခိုဟာ ဆာမူရိုင်းကြီးရဲ့ ဇာတ်လမ်းတွေ၊ သင်ခန်းစာတွေကိုပါ တစ်ပါတည်း သယ်လာကြပါတယ်။ သူတို့ရဲ့အတွေ့အကြုံတွေကို ရွာသားတွေကို ပြန်လည်ဝေမျှရင်း တခဲရှိ ဆာမူ ရိုင်းကြီးရဲ့ ရဲစွမ်းသတ္တိနဲ့ ဂုဏ်သိက္ခာကြီးမြတ်မှုတွေ၊ အဓွန့်ရှည်တည်တံ့နေမဲ့ ဘူရှီဒိုလမ်းစဉ်အကြောင်း ပြန်ပြောင်းပြောပြနေပါတော့တယ်။

အခုဆို သူတို့ရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ အိမ်လေးထဲမှာ ဆာမူရိုင်းကြီးရဲ့ဓားကို အထွတ်အမြတ်နေရာတစ်ခုမှာ အလှပြတင်ထားလိုက်ပါတယ်။ အဲဒီဓားက သူတို့မောင်နှမနှစ်ယောက် စွန့်စားခန်းဖွင့်ပြီး သွားခဲ့တဲ့ ခရီးရယ် အချိန်နဲ့အမျှ တည်မြဲနေမဲ့ စံတန်ဖိုးတွေရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ဒီစွန့်စားခန်း ပုံပြင်တွေက အခုဆိုရင်တော့ သူတို့ဘဝရဲ့ တန်ဖိုးထားရာ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါပြီ။ ဒီဓားကြီးကိုကြည့်ရင်း ဆာမူရိုင်းကြီးရဲ့ စိတ်ဝိညာဉ်က သူတို့ရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေတယ်ဆိုတာကို သတိရစေမှာပါ။

ကြယ်တွေစုံနေတဲ့ ညကောင်းကင်ကို မော့ကြည့်လိုက်ရင် ကျိုတိုမြို့၊ နတ် ကွန်းဟောင်းကြီးကလာတဲ့ တိုးသဲ့သဲ့ လေညှင်းသံနဲ့ တခဲရှိ ဆာမူရိုင်းကြီးရဲ့ ဇာတ်လမ်းကို ကြားယောင်နေဆဲပါပဲ။ ဆာမူရိုင်းကြီးရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ စစ်သည်တော်တွေရဲ့ လမ်းစဉ်ဟာ ဂုဏ်ကျက်သရေတွေ၊ ရဲစွမ်းသတ္တိတွေနဲ့ တည်မြဲနေမယ်ဆိုတာကို သက်သေပြတစ်ခုအဖြစ်နဲ့ သူတို့ဘဝတွေမှာ တစ်စိတ်တစ်ပိုင်းအဖြစ် သက်ဝင်ယုံကြည်သွားပါပြီ။

Audio Narration

Related Stories

The Moon’s Secret Garden

Baba’s Big Red Umbrella

The Girl Who Named the Stars

The Ocean Remembers Everything